'The world doesn’t need more doctors and engineers. It needs professionals in various fields.'
အသက်မွေးဝမ်းကျောင်းတစ်ခုကိုရွေးချယ်တဲ့အခါမှာ ဘဝအာမခံချက်ရမယ်လို့သူများတွေပြောလေ့ရှိတဲ့ career တွေ (ဥပမာ ဆရာဝန်၊အင်ဂျင်နီယာ) စတာတွေကိုရွေးချယ်မယ့်အစား ကိုယ်တကယ်ဝါသနာပါတဲ့၊ ကိုယ်တကယ်စိတ်ဝင်စားတဲ့၊ ကိုယ့်ဘဝရဲ့သုံးပုံနှစ်ပုံလောက်ကို အဲ့ဒီလမ်းပေါ်လျှောက်လှမ်းပြီးအချိန်ကုန်ဖို့ကိုဝန်မလေးတဲ့ အသက်မွေးဝမ်းကျောင်းမျိုးကိုရွေးချယ်သင့်ပါတယ်။
ငါးကိုသစ်ပင်တက်ခိုင်းတဲ့အလုပ်မျိုးတွေကို 21 ရာစုကစပြီး ပယ်ဖျက်သင့်ပါပြီ။ လူတွေဟာစက်ရုပ်တွေမဟုတ်ပါဘူး။ လူတိုင်းမှာမွေးလာထဲက သူများနဲ့မတူတဲ့ ဝါသနာပါတဲ့အရာ၊ စိတ်ဝင်စားတဲ့အရာ အသီးသီးရှိကြမှာပါ။
တယောထိုးတာအရမ်းကျွမ်းကျင်တဲ့ကောင်လေးက သင်္ချာတော်ချင်မှတော်မယ်၊ အဆင့်တစ်အမြဲရတဲ့ကောင်မလေးက ဂီတနဲ့ပတ်သက်တာတွေကိုခံစားနိုင်ချင်မှခံစားနိုင်မယ်၊ ဟင်းချက်ကျွမ်းကျင်တဲ့ကောင်လေးကလည်း ရေကူးတတ်ချင်မှကူးတတ်မှာဖြစ်သလို ရေကူးချန်ပီယံကောင်လေးကလည်း ကြက်ဥတောင်ဖြောင့်အောင်မကြော်တတ်တာမျိုးဖြစ်နိုင်ပါတယ်။
'Everyone is built differently.'
ဆိုတော့လူတိုင်းဟာ မတူညီကွဲပြားစွာတည်ဆောက်ထားတာပါ။ သူများတွေလုပ်သမျှအရာတိုင်းကိုယ်လိုက်လုပ်စရာမလိုပါဘူး။ သူများတွေဆေးကျောင်းတို့ Engineering တို့လေ့လာလို့ ကိုယ်တိုင် စိတ်ဝင်စားမှုမရှိပဲ ရွေးချယ်စရာမလိုပါဘူး။ ကိုယ့်ဘဝရဲ့အချိန်တော်တော်များများကို ကိုယ်ရွေးချယ်တဲ့ career ထဲနှစ်မြှုပ်ရမှာဖြစ်တဲ့အတွက် ဘယ်ကျောင်းကိုမဆို ကိုယ်ဝါသနာမပါဘဲ
မိဘရဲ့ဖိအားပေးမှုကြောင့်ဖြစ်စေ
သူငယ်ချင်းတွေတက်လို့လိုက်တက်တာပဲဖြစ်စေ
ဘဝအာမခံချက်ရနိုင်မယ်ထင်လို့ဖြစ်စေ
ရွေးချယ်မှုမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ ဘယ်လမ်းကိုပဲလျှောက်ဖို့ရွေးချယ်ရွေးချယ်၊ တစ်ဘဝလုံးကို ဒီအလုပ်လုပ်ပြီး ကိုယ့်ရဲ့တန်ဖ်ိုးရှိတဲ့ အချိန်တွေအကုန်ခံနိုင်လားဆိုတာကိုသေချာစဉ်းစားစေချင်ပါတယ်။
'If you do what you love, you’ll never work a day in your life.'
သင်တကယ်မြတ်နိုးတဲ့အလုပ်ကိုလုပ်နေရရင် အလုပ်လုပ်နေရတယ်လို့ကိုထင်မှာမဟုတ််ဘူးတဲ့။ ဟင်းချက်ရရင်ပျော်နေတဲ့လူက တစ်နေ့တစ်နေ့ငါဒီဟင်းပဲချက်နေရတာပဲဆိုပြီး Stress များပြီး စိတ်ညစ်နေဖို့ဆိုတာအလွန်ရှားပါတယ်။ ကိတ်မုန့်ဖုတ်ရတာကြိုက်တဲ့လူကလည်း ကိုယ်ဖန်တီးထားတဲ့လက်ရာလေးတွေကိုယ်ကြည့်ပြီးပျော်နေမှာပါပဲ။ ဝါသနာမပါတဲ့လူအတွက်ကျတော့ ကိတ်မုန့်ဖုတ်ရတာကိုတာဝန်ကြီးတစ်ခုလိုတွေးပြီး တစ်နေ့တစ်နေ့စိတ်ပင်ပန်းနေရမှာပါ။
'Follow your passion & success will follow you.'
ဒါကြောင့် ကိုယ့်ဝါသနာ၊ ကိုယ်ဖြစ်ချင်တဲ့အရာကို ပဲ အဓိကထားပီး လေ့လာပါ။ စူးစမ်းပါ။ အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်လာသည့်တိုင်အောင်ကြိုးစားပါ။ အောင်မြင်မှုကအချိန်တန်သင့်အနားရောက်လာပါလိမ့်မယ်။
'What does the world need? What does our country need?'
ကမ္ဘာကြီးက ဆရာဝန်တွေ အင်ဂျင်နီယာတွေချည်းပဲလိုအပ်နေတာဖြစ်နိုင်ပါ့မလား။ လူ့ဘောင်အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်တည်ရှိနေဖို့၊ ရှိပြီးသားအဖွဲ့အစည်းကိုပိုမိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်ဖို့ အဘက်ဘက်ကပညာရှင် အများအပြား လိုအပ်ပါတယ်။ သင့်နိုင်ငံပိုမိုတိုးတက်လာဖို့ ဘယ်သူတွေကိုအပ်မယ်လို့ထင်ပါသလဲ? စိုက်ပျိုးရေးအခြေခံဖြစ်တဲ့နိုင်ငံ တစ်နိုင်ငံမှာ Agriculture နဲ့ပတ်သက်တဲ့ ပညာရှင်တွေပိုမလိုအပ်နိုင်ဘူးလား? ရုံးတွေမှာ Computer Technician တွေ၊ Foreign Income ဝင်အောင် Hospitality and Tourism Project တွေကို ဦးဆောင်မယ့် ပညာရှင်တွေ၊ Skyline တွေဆောက်ဖို့အတွက်ကျွမ်းကျင်တဲ့ Engineers တွေ စသည့် အတတ်ပညာရှင်တွေနေရာအသီးသီးမှာ လိုအပ်ပါတယ်။
'What do you want to be?'
သင်ကရော ဘာဖြစ်ချင်လဲ? သင့်ရဲ့အိမ်မက်ကဘာလဲ? ဒါကတော့သင်ကိုယ်တိုင်စူးစမ်းရှာဖွေရမယ့်အချက်ပါ။ တစ်ခြားနိုင်ငံတွေမှာ Gap Year ယူပြီး ကိုယ့်ရဲ့ Passion အစစ်ကိုရှာဖွေနိုင်တဲ့အခွင့်အရေးရှိပေမယ့် မြန်မာနိုင်ငံမှာက 10 တန်းပြီးတာနဲ့ တက္ကသိုလ်တန်းရွေးရတဲ့အတွက် မြန်မာကျောင်းသားတော်တော်များများမှာ Gap Year ယူဖို့အခွင့်အရေးနည်းပါးပါတယ်။ အခုလက်ရှိအခြေအနေကို Gap Year တစ်ခုအဖြစ်အသုံးချပီး အချိန်ရတုန်းရခိုက် အလဟဿကုန်မသွားစေဘဲ သင်တန်းတွေတက်၊ Youth Program တွေ Join ပြီးကိုယ့်ရဲ့ Passion ကိုရှာဖွေကြည့်ဖို့တိုက်တွန်းလိုပါတယ်။
ဒီ Article လေးကိုဖတ်နေတဲ့ မိဘတွေကိုမှာချင်တာလေးက….
'Believe in your child.'
ကိုယ့်သားသမီးကိုယုံကြည်ပေးပါ။ သူတို့တကယ်စိတ်ဝင်စား၊ စူးစမ်းလိုတဲ့အရာတွေကို ပေးလုပ်ကြည့်ပါ။ ကိုယ်ကသားသမီးတွေကို ဒီလမ်းလျှောက်၊ ဒါလုပ် လို့ပြောမယ့်အစား “သား/သမီး ဘာလုပ်ချင်လဲ? ဖေဖေမေမေဘာကူပေးရမလဲ?” လို့ပြောင်းလဲမေးကြည့်ပါ။ မိဘယုံကြည်မှု၊ အားပေးမှုကိုရတဲ့ကလေးတစ်ယောက်ရဲ့ self-confidence ကိုဘယ်သူမှမယှဉ်နိုင်ပါဘူး။ မိဘတွေဘက်က ကိုယ်တိုင်လမ်းလိုက်ခင်းပြီး အသာလေးတက်လျှောက်ခိုင်းမယ့်အစား ကလေးကိုကိုယ့်အားကိုယ်ကိုးတတ်အောင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် သူ့ကိုယ်ပိုင်ရွေးချယ်မှုတွေပြုလုပ်စေပြီး လမ်းမလွဲအောင်သာစောင့်ကြပ်ထိန်းကျောင်းပေးပါလို့ အကြံဉာဏ်ပေးချင်ပါတယ်။
သားသမီးတွေကလည်း မိဘယုံကြည်မှုကိုအလွဲသုံးစားမလုပ်မိပါစေနဲ့။ ယုံကြည်မှုတစ်ခုတည်ဆောက်ဖို့ဆိုတာမလွယ်ဘူးလေ။
နောက်ဆုံးအားလုံးကို Remind လုပ်ချင်တာက
'Every profession is precious.'
စားဖိုမှူးရဲ့လက်ရာကိုချီးကျူးရလောက်အောင် ကောင်းမွန်တဲ့အစားအစာတစ်ခုကိုသင်စားမိတဲ့အခါမျိုးမှာ စားဖိုမှူးဆိုတဲ့ Profession တစ်ခုရဲ့တန်ဖိုးကိုသင်ခံစားမိမှာပါ။ ခမ်းနားတဲ့ ဗိသုကာအဆောက်အဥုံတွေထဲဝင်သွားရင် ပြောင်မြောက်တဲ့လက်ရာတွေကိုငေးမောမိတာကလည်း ဗိသုကာပညာရှင်ရဲ့ပညာအရည်အချင်းတောက်ပမှုကြောင့်ပါပဲ။ အိုးလုပ်တဲ့သူမှာလည်း သူ့အရည်အချင်းနဲ့သူ၊ Scientists တွေ Astronomers တွေကလည်းသူ့ပညာနဲ့သူပါ။
ကဲ…ဒီလောက်ဆိုရင်တော့ကမ္ဘာကြီးကို ဆရာဝန်တွေ အင်ဂျင်နီယာတွေလောက်နဲ့ပဲဖွဲ့စည်းထားတာမဟုတ်ဘူးဆိုတာ သင်သိလောက်ပြီလို့ယူဆမိပါတယ်။ သင်ကရော ဘယ်လိုတာဝန်ကိုယူပြီး ကမ္ဘာကြီးကိုဘယ်ဘက်ကနေ ပိုမိုပြည့်စုံလာအောင်ဖန်တီးမလဲ? အဆုံးထိဖတ်ပေးတဲ့တစ်ဦးတစ်ယောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။



